Pages

Tuesday, November 9, 2010

သုံးထပ်ကွမ်း ချန်ပီယံ ရတနာပုံအား ဂုဏ်ပြုကြိုဆိုပါ၏..........

 ရတနာပုံ FC ဘောလုံးအသင်းဟာ တတိယအကြိမ်မြောက် MNL ချန်ပီယံ ဆုဖလားကြီးကို  မန္တလာမြေသို့  ဂုဏ်ယူဖွယ်ရာ သယ်ဆောင်လာခဲ့ပါတယ်......2010 ဘောလုံးရာသီကတော့  AFC President Cup၊ MNL GrandRoyal 2010 Cup တို့ကို  ရရှိခဲ့တဲ့အတွက် ဖလားနှစ်လုံး တစ်ပြိုင်တည်းရပြီး MNL Cup  ကို ၃နှစ်ဆက်တိုက်ရ ရှိခဲ့တာကြောင့် ရတနာပုံအတွက် သမိုင်းသစ် ရေးထိုးတဲ့ နှစ်လို့ ပြောလို့ရပါတယ်....
 ထိုက်တန်သော ရလဒ်နှင့် ၃ ကြိမ် ဆက်တိုက် ချန်ပီယံ ရတနာပုံ
မြန်မာ နေရှင်နယ်လိဂ် MNL ပွဲစဉ်အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု ဇေယျာရွှေမြေအသင်းနှင့် မန္တလေးတိုင်း ဒေသကြီး ကိုယ်စားပြု ရတနာပုံအသင်းတို့ စစ်ကိုင်းတိုင်း မုံရွာမြို့ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရတနာပုံ အသင်းက ၂း၁ ဖြင့် အနိုင်ရပြီး ၂၀၁၀ ခုနှစ်အတွက် ချန်ပီယံ ဆုဖလားကို ရယူနိုင်ခဲ့ပြီဖြစ်သည်။
   ယင်းမှာ ရတနာပုံအသင်းအတွက် ၃ ကြိမ်ဆက် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ရတနာပုံအသင်းသည် ပြီးခဲ့သည့် ရန်ကုန်အသင်းနှင့် ပွဲစဉ်မှ ဂယက်ကြောင့် ရန်ပိုင်အပါအ၀င် အဓိက ကစားသမား အချို့ ပွဲပယ်ပြစ်ဒဏ်ခံထားရပြီး ဒဏ်ရာရ ကစား သမားများ များပြားနေ၍ ယခုပွဲစဉ်တွင် တိုက်စစ်မှူးအဖြစ် ရိုဒရီဂူးနှင့် သက်နိုင် တို့ကိုသာ အဓိကထား၍ ပွဲထွက်လာခဲ့သည်။  အဆိုပါ ပွဲစဉ်၏ ပထမပိုင်းအစ ၂ မိနစ်တွင် ဇေယျာရွှေမြေအသင်းသည် ကျော်ဇင်ဝင်း၏ ဦးဆောင် အဖွင့်ဂိုးဖြင့် ပြိုင်ဘက် ရတနာပုံအသင်းကို အသာရနေခဲ့သည်။
    အိမ်ရှင် ဇေယျာရွှေမြေအသင်းတို့ ယခုလို ဦးဆောင်ဂိုး စောစီးစွာ ရခဲ့ခြင်းမှာ ရတနာပုံအသင်း၏ အထနှေးနေသော ခံစစ်ကြောင့် ဖြစ်သည်။ ဇေယျာရွှေမြေအသင်းမှ တိုက်စစ်မှူး ကျော်ကိုကိုသည် တောင်ပံ တိုက်စစ်ဆင် ကစားပြီး ထိုးဖောက်ခဲ့ရာ ရတနာပုံအသင်းမှ ခံစစ်မှူးများ ခဲယဉ်းစွာ ဖျက်ထုတ် ကာကွယ်ခဲ့ရသည်။ ယင်းနောက် ဇေယျာရွှေမြေအသင်းသည် ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် တိုက်စစ် မှူး ကျော်ကိုကိုဘက်မှ အသားပေး တိုက်စစ်ဆင် ကစားခဲ့သည်။
   ရတနာပုံအသင်းမှ တိုက်စစ်မှူး ရိုဒရီဂူးကို ဇေယျာရွှေမြေအသင်းမှ ဇော်လင်းထွန်း (၂) အဖျက်ကြမ်းခဲ့၍ အ၀ါကဒ်ထိခဲ့သည်။ ရတနာပုံအသင်းမှ ကွင်းလယ်လူ ခင်မောင်ထွန်း အလွတ်တည်ကန်ဘောမှတစ်ဆင့် ဂိုးကန်သွင်းရန် ကြိုးစားခဲ့သော်လည်း ဇေယျာရွှေမြေ ဂိုးသမား ညီညီလွင် ကာကွယ်နိုင်ခဲ့သည်။
   ထို့နောက် ရတနာပုံအသင်းသည် ကစားကွက် အသာဖြင့် ကစားလာခဲ့ပြီး တိုက်စစ်မှူး ရိုဒရီဂူးသည် အဝေးကန်ချက်ဖြင့် အသင်း အတွက် ချေဂိုးကို လှပစွာ သွင်းယူသွားခဲ့သည်။
   အဆိုပါ တိုက်စစ်မှူး၏ ကန်သွင်းချက်ကို ဇေယျာရွှေမြေ ဂိုးသမား ညီညီလွင် အနည်းငယ် အငိုက်မိသွားခဲ့ပြီး မကာကွယ်နိုင်ခဲ့၍ ဂိုးပေး ခဲ့ရသည်။ အမှတ်မထင် ချေပဂိုးရရှိသွားသော ရတနာပုံအသင်းသည် ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး ကွင်းလယ် အချိတ်ဆက်မှာလည်း ပွဲအစကထက်ပင် ပိုမို ထိမိလာခဲ့သည်။ ဇေယျာရွှေမြေအသင်းမှ တိုက်စစ်မှူး ကီမဲလ် အဝေးကန်ချက်ဖြင့် ဂိုးသွင်းရန် ကြိုးစားခဲ့သော်လည်း ဂိုးမ၀င်ခဲ့ပေ။ ရတနာပုံအသင်းမှ ကိုနေးလ် အပိုင် အခွင့်အရေးတစ်ကြိမ် ရရှိခဲ့သော်လည်း ကန်ချက်မှာ လွဲချော်ခဲ့သည်။ ထို့အပြင် ရတနာပုံမှ ကိုနေးလ်ကပင် ရဲဇော်ထက်အောင်၏ ဖန်တီး ပေးပို့မှုမှတစ်ဆင့် ဂိုးသွင်းရန် ကြိုးစားခဲ့သော်လည်း ဇေယျာရွှေမြေ ဂိုးသမား ညီညီလွင် ကာကွယ်နိုင်ခဲ့သည်။ အိမ်ရှင် ဇေယျာရွှေအသင်းမှ တိုက်စစ်မှူး ကီမဲလ်သည် တွဲဖက် တိုက်စစ်မှူး ဗစ်တာ၏ ပေးပို့မှုမှ တစ်ဆင့် ချေပဂိုးရရှိရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
   ပထမပိုင်း ပွဲပြီးခါနီးတွင် ရတနာပုံတို့ ဇေယျာရွှေမြေအသင်း၏ ပင်နယ်တီ ဧရိယာအစပ်တွင် ပြစ်ဒဏ်ဘော ကန်သွင်းခွင့် ရရှိခဲ့သည်။ ယင်းပြစ်ဒဏ်ဘောကို ရတနာပုံအသင်းအတွက် ချေပဂိုး သွင်းယူခဲ့သော တိုက်စစ်မှူး ရိုဒရီဂူးကပင် အကောင်းဆုံး အဆုံးသတ်ပေးနိုင်ခဲ့၍ ရတနာပုံတို့ အိမ်ရှင် ဇေယျာရွှေမြေအသင်းကို ၂း၁ ဖြင့် ဦးဆောင်နေနိုင်ခဲ့သည်။ ဒုတိယပိုင်း ပြန်အစတွင် ဇေယျာရွှေအသင်းသည် တရစပ် တိုက်စစ်ဆင်မှုများနှင့်အတူ ဖိကစားနေခဲ့ပြီး ရတနာပုံအသင်းကလည်း တန်ပြန်တိုက်စစ်ဖြင့် ပြိုင်ဘက်အသင်းကို ပြန်လည်ဖိအားပေး ခြိမ်းခြောက်နိုင်ခဲ့သည်။ ယခု ပွဲစဉ်သည် ချန်ပီယံ ဆုအတွက် အဆုံးအဖြတ်ဖြစ်နေ၍ နှစ်ဖက် အသင်းမှ ကစားသမားများ အနိုင်မခံ အရှုံးမပေးလိုသော စိတ်ဓာတ်များဖြင့် ကစားရင်း အနည်းငယ် အချင်းများမှုရှိခဲ့သည်။
   ရတနာပုံအသင်းမှ ကိုနေးလ်ကို ဇေယျာရွှေမြေအသင်း၏ ကစားသမားတစ်ဦးမှ ဖျက်ထုတ်ရာတွင် အချင်းများမှုဖြစ်ပွားခဲ့ပြီး နှစ်ဖက် သော အသင်းမှ ကစားသမားများပါ ပါဝင်လာပြီး အချင်းများမှုဖြစ်လာခဲ့သည်။
   ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ပွဲကို တာဝန်ယူကိုင်တွယ်နေသော ကွင်းလယ်ဒိုင်သည် ရတနာပုံမှ ကိုနေးလ်ကို တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခဲ့သလို ဇေယျာရွှေမြေအသင်းမှ တိုက်စစ်မှူး ကီမဲလ်ကိုပါ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့သည်။ အဆိုပါ တိုက်စစ်မှူး ထုတ်ပယ်ခံရ၍ အိမ်ရှင် ဇေယျာရွှေမြေ ပရိသတ်များပါ ဆူပူအုံကြွလာခဲ့၍ ကွင်းလယ်ဒိုင်သည် ပွဲကို ခေတ္တမျှ ရပ်နားခဲ့ရသည်။
   ထို့နောက် ပွဲကို ဆက်လက်ကစားစေခဲ့ရာ ဇေယျာရွှေမြေအသင်းမှ ကျော်ဇင်ဝင်း အပိုင်ကန်သွင်းခွင့် ရရှိခဲ့သော်လည်း ရတနာပုံ ဂိုးသမား ယဉ်မင်းအောင် ကာကွယ်နိုင်ခဲ့သည်။ သရေ ရလဒ်ထွက်ပေါ် ရုံမျှဖြင့် ချန်ပီယံဆုကြီးကို ကိုင်မြှောက်ခွင့် ရရှိမည့် အိမ်ရှင် ဇေယျာရွှေမြေအသင်းသည် တစ်လုံးတည်းသော အဖိုးတန် ချေပဂိုးကို ရရှိရန်အတွက် အသည်းအသန် ကြိုးစားကစားခဲ့သော်လည်း အရာ မ၀င်ခဲ့ပေ။
    ယင်းနောက် လက်ရှိ ချန်ပီယံ ရတနာပုံအသင်းသည် အဝေးကွင်းတွင် အိမ်ရှင် ဇေယျာရွှေမြေအသင်းကို ပထမပိုင်းက ရလဒ်ကဲ့သို့ပင် ၂း၁ ဖြင့် ပွဲသိမ်းနိုင်ခဲ့ပြီး MNL ချန်ပီယံဆုကို သုံးကြိမ်ဆက် ထိုက်တန်စွာ ရယူသွားနိုင်ခဲ့သည်။

No comments:

Post a Comment